လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းနှင့် ဂျင်းသတင်းအမှားများ
အခုဆောင်းပါးမှာ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း (Orgasms) နဲ့ ပတ်သက်ပြီး လူတွေမှားသိထားကြတဲ့၊ ရာနှုန်းပြည့်မမှန်တဲ့ အကြောင်းအရာတွေကို ပြောပြပေးမှာဖြစ်ပါတယ်။
၁။ ထိုးသွင်းဆက်ဆံတိုင်း လိင်စိတ်အထွတ်အထိပ်ရောက်လိမ့်မယ်။
ယောက်ျားလေးတွေအတွက် မှန်ကောင်းမှန်နိုင်ပေမယ့် မိန်းကလေးတွေအတွက် ထိုးသွင်းဆက်ဆံမှုတိုင်းအတွက် အထွတ်အထိပ်ရောက်ချင်မှ ရောက်မှာပါ။ တစ်ခါတလေ မိန်းကလေးတွေဘက်က ဘာမှမပြီးသေးပေမဲ့ ဆက်ဆံတဲ့အမျိုးသားက ရပ်လိုက်တဲ့အခါ၊ ဒါမှမဟုတ် မိန်းကလေးအနေနဲ့ ခံစားမှုမကောင်းတဲ့ Position မျိုး ဖြစ်နေတာ၊ ဝင်ရုံလောက်ပဲဆက်ဆံပြီး အမှန်တကယ် အထွတ်အထိပ်ရောက်စေလောက်တဲ့အထိ ကောင်းနေတာမျိုး မဟုတ်ရင် လိင်စိတ်အထွတ်အထိပ်ရောက်သွားမှာ မဟုတ်ပါဘူး။
၂။ လိင်စိတ်အထွတ်အထိပ်ရောက်ဖို့ ထိုးသွင်းဆက်ဆံမှုတစ်ခုတည်းကနေသာ ရနိုင်တယ်။
တကယ်တော့ ထိုးသွင်းစရာမလိုဘဲ ပါးစပ်၊ လက်ဖြင့် နှိုးဆွပေးတာ၊ ကိုယ့်ဆက်ဆံဖော်ရဲ့ ခန္ဓာကိုယ်၊ လိင်အင်္ဂါကို ပွတ်သပ်မြူဆွယ်တာ၊ လိင်စိတ်ထလာစေဖို့ လိင်စိတ်ကြွစေမယ့် စကားမျိုးတွေ ပြောပေးတာ၊ ကိုယ့်အဖော်ရဲ့လိင်အင်္ဂါကို ကိုယ့်လက်နဲ့ အာသာဖြေပေးတာ စတဲ့ နည်းလမ်းတွေနဲ့လည်း လိင်စိတ်အထွတ်အထိပ်ရောက်အောင် လုပ်ပေးနိုင်ပါတယ်။ အဓိက လိင်စိတ်အထွတ်အထိပ်ရောက်ဖို့ ထိုးသွင်းဆက်ဆံမှုတစ်ခုတည်းနဲ့သာ ဖြစ်နိုင်တာမဟုတ်ဘူးဆိုတာ သိထားသင့်ပါတယ်။
၃။ အမျိုးသားတွေ လိင်တံထောင်မတ်နေမှ လိင်စိတ်အထွတ်အထိပ် ရောက်နိုင်တယ်။
အမျိုးသားတွေ လိင်ဆက်ဆံဖို့ ရာနှုန်းပြည့် လိင်တံထောင်မတ်နေဖို့ လိုတယ်ဆိုပေမယ့် တကယ်တမ်း လိင်စိတ်အထွတ်အထိပ် ရောက်ဖို့အတွက် အနည်းငယ်မာကျောနေရုံ အနေအထားနဲ့လည်း ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေရဲ့ လိင်အင်္ဂါဟာ ပွတ်သပ်နေရုံ၊ လက်ဖြင့် ရှေ့တိုးနောက်ဆုတ်ပြုလုပ်နေရုံနဲ့ အထွတ်အထိပ်ရောက်ပြီး သုက်လွှတ်သွားနိုင်ပါတယ်။ နောက်တစ်နည်းကတော့ စအိုထဲမှာရှိတဲ့ ဆီးကျိတ် (အမျိုးသား ဂျီစပေါ့) ကို လက်ဖြင့်ကလိပေးခြင်းကလည်း အမျိုးသားတွေကို မြန်မြန်သုက်လွှတ်နိုင်စေဖို့နဲ့ ပိုကောင်းတဲ့ အထွတ်အထိပ်ရောက်စေဖို့ ကူညီပေးနိုင်ပါတယ်။
၄။ လိင်ဆက်ဆံမှုပြီးတိုင်း၊ လိင်စိတ်အထွတ်အထိပ်ရောက်သွားနိုင်တယ်။
သုက်လွှတ်တာတစ်ခုတည်းနဲ့ လိင်စိတ်အထွတ်အထိပ်ရောက်တယ်လို့ သတ်မှတ်လို့မရပါဘူး။ ဆက်ဆံနေတဲ့ ယောက်ျား၊ မိန်းမနှစ်ဦးလုံး ဆန္ဒပြီးမြောက်ပြီး ပေါ့ပါးလန်းဆန်းသွားတဲ့ခံစားချက်မျိုး ရသွားမှာသာ လိင်စိတ်အထွတ်အထိပ်ရောက်တယ်လို့ သတ်မှတ်တာဖြစ်ပြီး နှစ်ဦးလုံး လိင်စိတ်အထွတ်အထိပ်မရဘဲ ကောင်းတဲ့လိင်ဆက်ဆံခြင်းလို့ မဆိုနိုင်ပါဘူး။
၅။ Blue Balls ကို ယောက်ျားလေးတွေပဲ ရနိုင်တယ်။
ဒီနေရာမှာ Blue Balls ကို အလွယ်ရှင်းပြရမယ်ဆိုရင် ယောက်ျားလေးတွေ ကိုယ့်ချစ်သူနဲ့အတူရှိနေချိန် လိင်စိတ်ကြွနေပြီး ဘာမှမလုပ်လိုက်ရဘဲ အချိန်အကြာကြီးတင်းမာနေလျက်နဲ့ အိမ်ပြန်သွားတဲ့အခါ ဝှေးစေ့ကနေ အောင့်သက်တဲ့ခံစားချက်မျိုးကို ဆိုလိုတာပါ။ ဒီဖြစ်စဉ်ဟာ လိင်စိတ်ကြွလာတဲ့အခါ ဦးနှောက်ကနေ တုံ့ပြန်ပြီး ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်စီးဆင်းနှုန်းမြန်လာကာ လိင်အင်္ဂါဆီကို သွေးပို့ဆောင်မှုများသွားတာကြောင့် ဖြစ်ရတာပါ။ ဒီအတွက် ယောက်ျားလေးတွေတင်မကဘဲ မိန်းကလေးတွေမှာလည်း Blue Balls ရနိုင်ပါတယ်။
၆။ လိင်စိတ်အထွတ်အထိပ်ကို လိင်မှုကိစ္စတစ်ကြိမ်မှာ တစ်ခါပဲ ခံစားရနိုင်တယ်။
ဒါကတော့ ကျား၊ မ မရွေး လူပေါ်မူတည်ပြီး လိင်စိတ်အထွတ်အထိပ်ဟာ အနည်းဆုံး တစ်ကြိမ်ကနေ မရေမတွက်နိုင်တဲ့ အကြိမ်ရေအထိ ခံစားရနိုင်ပါတယ်။ ယောက်ျားလေးတွေမှာလည်း အကြိမ်ပေါင်းများစွာ သုက်လွှတ်နိုင်သူတွေ ရှိပါတယ်။
၇။ လိင်ဆက်ဆံတိုင်း ပြီးနိုင်လား။
မပြီးနိုင်ပါဘူး။ ဒီဖြစ်စဉ်ဟာ မိန်းကလေးတွေအတွက်ဆို ပိုပြီးမှန်မှာပါ။ လိင်မှုပိုင်းဆိုင်ရာ သာယာမှု၊ စိတ်ကျေနပ်မှုမရှိတာအပြင် ကိုယ့်မှာ ကျန်းမာရေးပြဿနာတစ်ခုခု ခံစားနေရတာ၊ ရောဂါသောက်ဆေး၊ ဆေးပြင်းတွေ သောက်နေရတာ၊ စိတ်ထဲမှာ ကြောက်ရွံ့မှု၊ စိုးရိမ်မှုတွေ ခံစားနေရတဲ့အခါမှာ တော်ရုံနဲ့ မပြီးနိုင်သလို၊ လုံးဝလိင်စိတ်အထွတ်အထိပ် မရောက်သွားတာလည်း ဖြစ်နိုင်ပါတယ်။
၈။ လိင်စိတ်အထွတ်အထိပ်ရောက်တာကို ဟန်ဆောင်သင့်တယ်။
ကိုယ့်အတွက် လိင်ပိုင်းဆိုင်ရာမှာ စိတ်ကျေနပ်မှုမရှိရင်၊ အဆင်မပြေရင်၊ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမမျှရင်၊ ကိုယ်ကြိုက်နှစ်သက်တဲ့ ပုံစံတွေကို ဦးစားမပေးရင် ပွင့်ပွင့်လင်းလင်း ပြောပြသင့်ပါတယ်။ Relationship တစ်ခုမှာလည်း စကားပြောဆိုရင်ဖွင့်ခြင်းက အရေးကြီးသလို လိင်မှုဘဝမှာလည်း ထိုနည်းတူပါပဲ။
ရေးသားသူ - ရဲမျိုးမြတ်
18 Oct 2023 |